ဘာကြောင့်ဖြစ်လဲ အသည်းကင်ဆာ
ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ကင်ဆာရောဂါတွေထဲမှာ အသည်းကင်ဆာဟာလည်း အပါအဝင်ပါ။ တစ်နှစ်မှာ အသည်းကင်ဆာလူနာအသစ် ၇ သိန်းလောက် ရှိတယ်ဆိုတာ များပြားလှတဲ့ ပမာဏတစ်ခုပါ။
ဖြစ်လာခဲ့ရင်လည်း ငွေလည်းကုန်၊ ဝေဒနာလည်း ခံစားရ၊ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုလည်း ပျံနှံ့လွယ်တာမို့ လက်ဦးမှုမရရင် အသက်ရှင်သန်ဖို့ ခက်ခဲတဲ့ ရောဂါတစ်ခုလို့ ဆိုရမှာပါ။
ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်။ အသည်းကင်ဆာ ဖြစ်ရတဲ့ အကြောင်းရင်းတွေကို သိပါမှ အသည်းကင်ဆာဆိုတဲ့ အကျိုးဖြစ်မလာအောင် ကာကွယ်နိုင်ပါလိမ့်မယ်။
အသည်းကင်ဆာ ဘာကြောင့် ဖြစ်ရသလဲ?
1. အသည်းရောင် ဘီပိုး၊ စီပိုးရှိခြင်း
နံပါတ်တစ် အဖြစ်အများဆုံး အကြောင်းရင်းကတော့ နာတာရှည် အသည်းရောင် ဘီပိုး၊ စီပိုးရှိတဲ့သူတွေပါ။ ဘီပိုး၊ စီပိုးရှိပြီး ကုသမှုမခံယူရင်၊ ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်မှုမရှိရင် ရောင်ရမ်းနေတဲ့ အသည်းတစ်ရှူးတွေက အမာရွတ်တွေဖြစ်လာပြီး အသည်းခြောက်၊ အသည်းကင်ဆာ အဖြစ်ကို အချိန်မရွေး ပြောင်းသွားနိုင်ပါတယ်။
2. အရက်အလွန်အကျွံသောက်ခြင်း
အသည်းကွဲလို့ အရက်သောက်ရင်း အသည်းပြန်ဆက်မဆက်မသိပေမယ့် အသည်းကင်ဆာတော့ လက်ဆောင်ရသွားနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်သူတွေမှာ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်နိုင်ခြေက မြင့်မားပါတယ်။ ဒါကြောင့် အရက်ကို သောက်သင့်တဲ့ ပမာဏထက် ပိုမသောက်ဖို့ ဂရုပြုပါ။
3. အသည်းခြောက်ခြင်း
အသည်းခြောက်ရင် အသည်းကင်ဆာ ဖြစ်နိုင်ခြေ အရမ်းများနေပါပြီ။ အရက်ကြောင့်ဖြစ်ဖြစ်၊ ဘီပိုးစီပိုးရှိလို့ ဖြစ်ဖြစ်၊ အသည်းအဆီဖုံးလို့ ဖြစ်ဖြစ် အသည်းခြောက်ရောဂါ ဖြစ်နေသူတွေရဲ့ အမာရွတ်တွေ ဖြစ်ပြီး အလုပ်မလုပ်နိုင်တော့တဲ့ အသည်းတစ်ရှူးတွေဟာ အသည်းကင်ဆာအဖြစ်ကို အချိန်မရွေး ပြောင်းသွားနိုင်ပါတယ်။
4. ဆီးချိုရှိခြင်း
အသည်းဟာ သကြားဓာတ်တွေကို သိမ်းဆည်းသိုလှောင် ထုတ်လုပ်ပေးရတဲ့နေရာဖြစ်တဲ့အတွက် ဆီးချိုရှိသူတွေဟာ မရှိသူတွေထက် အသည်းကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။
5. အသည်းအဆီဖုံးခြင်း
အသည်းထဲမှာ စုလာတဲ့ အဆီတွေကို မတိုက်ထုတ်ဘူးဆိုရင် အဆီဖုံးတဲ့ ဧရိယာတွေဟာ အလုပ်မလုပ်နိုင်တော့တဲ့ အမာရွတ်တွေဖြစ်လာပြီး အသည်းခြောက်၊ အသည်းကင်ဆာ ဖြစ်သွားနိုင်ပါတယ်။
6. Aflatoxin မှိုစားသုံးမိခြင်း
အသည်းကင်ဆာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ aflatoxin လို့ ခေါ်တဲ့မှိုလည်း ပါဝင်ပါတယ်။ စျေးကွက်ထဲမှာ ရှိနေတဲ့ မှိုတက်နေတဲ့ ငရုတ်သီးကို ကြိတ်ထားတဲ့ ငရုတ်သီးမှုန့်တွေ၊ မှိုတက်နေတဲ့ မြေပဲကို ကြိတ်ထားတဲ့ မြေပဲဆီတွေ စားသုံးနေခြင်းက မြန်မာနိုင်ငံမှာ အသည်းကင်ဆာ ဖြစ်နှုန်းမြင့်တက်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။
ဘယ်လိုကာကွယ်မလဲ?
- ဘီပိုးစီပိုး မရှိသေးရင် ကာကွယ်ဆေးထိုးပါ၊ ရှိနေရင် ကုသမှု ခံယူပါ။
- အရက်ဖြတ်ပါ သို့မဟုတ် လျှော့သောက်ပါ။
- ကိုယ်အလေးချိန်ထိန်းပါ။
- ကျန်းမာရေးနဲ့ ညီအောင် နေထိုင်စားသောက်ပါ။
- အသည်းခြောက်၊ အသည်းအဆီဖုံးရှိနေရင် ကုသမှု ခံယူပါ။
- ဆီးချိုကို ပုံမှန်ဖြစ်အောင် ထိန်းပါ။
ကိုယ်အလေးချိန်ရုတ်တရက်ကျတာ၊ မစားချင်မသောက်ချင်ဖြစ်တာ၊ အသားဝါဆီးဝါတာ၊ ပျို့ချင်အန်ချင်ပြီး နုံးချိနေတာ၊ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း အောင့်နေတတ်တာမျိုးဆိုရင် အသည်းကင်ဆာရှိမရှိ စစ်ဆေးမှု ခံယူရပါမယ်။
စောစီးစွာသိရင် ခွဲစိတ်ကုသတာ၊ အသည်းအစားထိုးတာမျိုးနဲ့ လက်ဦးမှုရယူနိုင်တာမို့ အသည်းလေးကို ဂရုစိုက်ကြပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင်တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်